Saturday, December 7, 2019


ဒီတစ်ခါတော့ ကျောင်းက သင်ပေးလိုက်တာရော
ကိုယ့်အတွေ့အကြုံအရ
အလုပ်ပါးဝအောင် ဘယ်လို ပြုမူရမလဲဆိုတာ ဒီတစ်ခါ မျှဝေပေးချင်ပါတယ်
(တစ်ယောက်နဲ့ တစ်ယောက်ဘယ်တူပါ့မလဲနော်)
....
၁။ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကို ခွဲခြားပါ
...
ကိုယ့်ကိုယ်ရေးကိုယ်တာ စိတ်ခံစားချက်အရ မပတ်သတ်ချင်တဲ့သူတွေရှိတတ်ပါတယ်။ သို့သော်လည်း အလုပ်သဘောအရ ပတ်သတ်ရတဲ့ အခါမျိုးမှာ ကိုယ်ရေးကိုယ်တာ အရ ပတ်သတ်ခဲ့တဲ့ အရာအားလုံး ကို မေ့ပစ်လိုက်ပြီး အလုပ်ဖြစ်မြောက်ဖို့သာ အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ဥပမာ - ကိုယ်နဲ့ အဆင်မပြေတဲ့ တစ်စုံတစ်ယောက်ကို အလုပ်ထဲမှာ support လုပ်ပေးဖို့ ထားပေးတယ်ဆိုပါတော့
မတည့်တာက ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်ပြီး
Support လုပ်ရမှာ ကိုယ့်ရဲ့တာဝန်ပါ။
အဓိက တည့်သည်ဖြစ်စေ မတည့်သည် ဖြစ်စေ
လုပ်ငန်းခွင်ထဲ ရောက်နေတဲ့အတွက် အလုပ်ဖြစ်အောင် လုပ်ဖို့က အရေးကြီးပါတယ်။
အနည်းဆုံးတော့ ကိုယ့် performance ကို ပြနိုင်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ကိုယ့်တာဝန်ကိုယ် ပြီးမြောက်အောင်လုပ်ဖို့ လိုပါတယ်။
.....
၂။ ကိုယ်နဲ့ မဆိုင်တာ ဝင်မပါပါနဲ့
....
မြန်မာပြည်မှာ အလုပ်တော်တော်များများက အကုန်ဝင်လုပ်နေရတာမျိုးပါ
ဒါကြောင့် ဒါက အကျင့်ပါနေတတ်ပါတယ်
အလုပ်တွေ အားလုံးရဲ့ ပြသနာက ဒီနေရာကနေ စတင်ပါတယ်
ဘာလို့လဲဆိုတော့ ရှိသမျှအလုပ်ကို ကိုယ့်အလုပ်လို့ပါ ထင်နေကြလို့ပါ
ဥပမာ - အလုပ်ထဲမှာ ကိုယ့်ဘေးမှာ ထိုင်တဲ့ တစ်ယောက်က အလုပ်မနိုင်ဘူးထားပါစို့ ...
အလုပ်နိုင်တာ မနိုင်တာ သူ့တာဝန်ပါ ကိုယ့်တာဝန်မဟုတ်ပါဘူး
သူအလုပ်မနိုင်တဲ့ အကြောင်း report လုပ်ရမှာလည်း သူ့တာဝန်ပါ
ဒါကြောင့် သူအကူအညီတောင်းရင်တောင်မှ ကိုယ့်အထက်ကလူကြီးကို အကြောင်းမကြားဘဲ မကူညီပေးပါနဲ့
ဖြစ်လာတဲ့ အခြေအနေအားလုံး ကိုယ့်တာဝန်ဖြစ်လာမှာပါ
ဘာပြသနာမှ မရှိတော့ရင်တောင်မှ
ဟာ ... ငါ ၂ ယောက်စာ လုပ်နေရတယ် ဆိုပြီး စိတ်ပင်ပန်းလာမှာပါ
...
အကယ်၍ ကိုယ်နဲ့ တွဲလုပ်ရတဲ့သူက အလုပ်မနိုင်တာဖြစ်စေ
အလုပ်လုပ်လို့ မဆင်မပြေတာဖြစ်စေ
အထက်လူကြီးကို အကြောင်းကြားပါ..
အကြောင်းကြားတဲ့အခါ အားနာပြီး လျှို့ဝှက်စွာ မပြောပါနဲ့
ကိုယ်ဘာကြောင့် အဆင်မပြေတဲ့အကြောင်း
Email ပို့ပါ cc ခံပါ
မဟုတ်ရင် အတင်းတုတ်တယ် အတိုင်အတောထူတယ်ဖြစ်ပါလိမ့်မယ်
ဒါက အထက်လူကြီးက ဆုံးဖြတ်ရမယ့် အပိုင်းဖြစ်သွားပါလိမ့်မယ်
အထက်လူကြီးက အဖတ်မလုပ်ရင် နေ့တိုင်း email ပို့ပါ
အနည်းဆုံးတော့ ကိုယ့်အလုပ်မှာ ဒီပြသနာရှိနေတယ်ဆိုတာမျိုး
Report တင်ပြီးသား ဖြစ်ပါလိမ့်မယ်
အဓိက ကတော့ သူများတာဝန် ကိုယ့်တာဝန်အဖြစ်ပြောင်းမယူပါနဲ့
(ကိုယ်ကတော့ တာဝန်တွေယူပြီး ခေါင်းမွှေးပြောင်အောင် လုပ်နေတဲ့အချိန်မှာ
သူက လက်သည်းနီဆိုး မိတ်ကပ်ရိုက်လုပ်နေပါလိမ့်မယ်)
......
၃။ လုပ်ဖော်ကိုင်ဖက်ကို လုပ်ဖော်ကိုင်ဖက်လို ဆက်ဆံပါ
....
သူနဲ့ ကိုယ် အပြင်မှာ ဘာပဲဖြစ်ဖြစ် အလုပ်ထဲမှာ ကိုယ့်လုပ်ဖော်ကိုင်ဖက်ပါပဲ
အပြင်မှာ ကိုယ်က စီနီယာ ရုံးမှာ လက်အောက်ငယ်သား ဖြစ်နေရင်တောင် အလုပ်ထဲမှာ အလုပ်အနေအထားအတိုင်းပဲ ဆက်ဆံဖို့လိုပါတယ်
...
တစ်ခါတုန်းကဆို ထမင်းစားချိန်မှာ မှောက်အိပ်နေတော့ လူကြီးကပြောတယ်
“တာရာ နင် လူကြီးရှိနေတာကို မှောက် အိပ်နေရလားတဲ့”
ကိုယ်လည်း နာရီကြည့်ပြီး ပြန်ပြောလိုက်တယ်
“ဒါ ငါ့ private time မို့ အခုအချိန်မှာ နင်က ငါ့ လူကြီးမဟုတ်ဘူး” လို့ပြောလိုက်တယ်
အလုပ်ချိန်မှာ လူကြီးကို အပိုးကျိုးသလောက်
Private time ဆို
“Hey ဒီနေ့ ဘယ် Bar သွားမလဲ” ဆိုပြီး ဘာ လုပ်ငန်းခွင် လွှမ်းမိုးမှုမှ မပါတဲ့ ဆက်ဆံရေးအနေနဲ့
သူငယ်ချင်းတွေလိုပဲ ရောက်တက်ရာရာ ပြောဖြစ်တတ်ကြပါတယ်
.....
၄။ အလုပ်ရှင်ကို မကိုးကွယ်ပါနဲ့
....
ကိုယ် အလုပ်ကိုဘယ်လောက်ချစ်လဲဆိုတာ အကုန်သိကြတယ်
နေ့မအိပ်ညမအိပ်လည်း လုပ်တာပဲ
ဒါပေမယ့် အလုပ်ရှင်ကြောင့် လုပ်နေတာမဟုတ်ပါဘူး
အလုပ်ပြုတ်မှာလည်း မကြောက်တဲ့အတွက်
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်ဖို့ပဲ လိုပါတယ်
လူကြီးမျက်နှာကို မျှော်ကြည့်ပြီး အလုပ်လုပ်ရတာ
ဘယ်လောက်ပင်ပန်းလဲ
....
အဓိက ကိုယ်ကတော့
ကိုယ်ယူထားတဲ့ တာဝန်ကျေပွန်အောင်လုပ်ရုံပါ
တာဝန်ယူတဲ့အပိုင်းမှာ အဲ့အလုပ်ကို ပြီးမြောက်အောင်လုပ်ရုံပဲမဟုတ်ဘဲ
အဲ့အလုပ်ကဖြစ်လာမယ့် အကျိုးဆက်တွေကိုပါ သိထားနားလည်ပြီး cover ဖြစ်နေအောင်လုပ်ထားတာကိုဆိုလိုတာပါ
ကိုယ်လုပ်တဲ့ အလုပ်က ပြန်လှည့်ကြည့်စရာမလိုတဲ့ အတွက် အလုပ်ရှင် မျက်နှာကို ကြည့်နေစရာမလိုပါဘူး
ပိုလည်း လုပ်ပေးစရာမလိုပါဘူး
ကိုယ်တာဝန်ယူထားလို့ကိုယ်လုပ်ပေးတယ် ဒီလောက်ပါပဲ
(အလုပ်ရှင်မျက်နှာပဲကြည့်ပြီး မျှော်ကိုးရအောင်
သူ့အကျိုးမရရင် ကိုယ်က အချိန်မရွေး အထုတ်ခံရနိုင်တယ်ဆိုတာ မမေ့ပါနဲ့)
....
၅။ output ပြပါ/ Report လုပ်ပါ
....
ကိုယ်ဘာတွေ လုပ်နေလဲ
ဘာတွေ ဖြစ်နေပြီလဲ
ဘာတွေ လုပ်ဖို့ လိုလဲဆိုတာ အမြဲ report လုပ်ဖို့လိုအပ်ပါတယ်
ဒါမှ အထက် လူကြီးတွေက ကိုယ်ဘာတွေ လုပ်နေတယ်ဆိုတာ သိရနိူင်သလို
မှားတာတွေကို အချိန်မှီပြင်ပေးနိုင်မှာပါ
ကိုယ်အလုပ်လုပ်နေတာကိုလည်း အထက်လူကြီးကို တင်ပြပြီးသားဖြစ်ပါမယ်
မဟုတ်ရင် ဘာတွေ လုပ်နေလဲဆိုတာ မသိဘဲ ကိုယ်က ငပျင်းလို့ပဲ သိထားပါလိမ့်မယ်
.....
၆။ ကိုယ့် ability ကို ပြသပါ
....
ကိုယ်အလုပ်တစ်ခုမှာတုန်းက ဒီတိုင်း TTMY လုပ်ပေးရတဲ့ အဆင့်နဲ့ စဝင်ခဲ့ရဖူးတယ်
တစ်ရက် project meeting မှာ meeting minutes ရေးတော့ ရေးမယ့်သူမရှိလို့
ကိုယ်ရေးရတဲ့အခါ ...
လူကြီးက သူရေးနိုင်လို့လားတဲ့  အစည်းအဝေးမှာဘာတွေပြောလဲ သိလား
ငါတို့ပြောတာတွေရော နင်ဘယ်လိုမြင်လဲ သဘောတူလားတဲ့
“နင်တို့ ပြောသွားတာ ဒီအကြောင်းအရာတွေလေ...
တချို့ဟာတွေက ငါ့စိတ်နဲ့ဆို သဘောမတူချင်ဘူး
ဒါပေမယ့် နင်က အထက်လူကြီးဆိုတော့ ဆုံးဖြတ်ခွင့် ငါ့မှာ မရှိတာ ငါ သဘောတူတာ မတူတာပြောလို့ကော ဘာထူးမှာလဲ”လို့ ပြောတော့
လူကြီးက သဘောကျပြီး ဟိုးအပေါ်ထိ ဆွဲတင်ပေးသွားတာပဲ
ကိုယ်နဲ့လုပ်ခဲ့ရတဲ့ တလျောက်မှာလည်း ကိုယ့် ability ကို ပြနိုင်ခဲ့တဲ့အတွက်
ကိုယ်နဲ့ လုပ်ရတဲ့သူအားလုံး ကျေနပ်ကြပါတယ်
ငါဒီလောက်ပဲရလို့ဆိုပြီး လျှိုမထားခဲ့ပါဘူး
ဒါကြောင့် လစာတိုးတာ စာချုပ်တိုးတာတွေအတွက်
ကိုယ်အတင်း ညှိယူစရာမလိုခဲ့ပါဘူး
....
၇။ ability ကို မြှင့်တင်ပါ
....
အလုပ်ထဲရောက်မှ သင်ယူရတဲ့ အရာတွေ အများကြီးရှိပါတယ်
ဒါပေမယ့် အလုပ်ရှင်တွေကလည်း ခူးခပ်ပြီးသားပဲ စားချင်ကြပါတယ်
အလုပ်ထဲမှာ ဘယ်သူမှ Guide သင်သလို အနီးကပ်သင်ပေးတယ် ဆိုတာ မရှိပါဘူး
ဒီလိုပဲ လုပ်ရင်း သင်ရင်း ရနိုင်သမျှအကုန်ယူပါ
ကိုယ့် ability တက်အောင် လိုအပ်မယ့်အရာတွေကို
အားလုံးလိုက်မေးမနေဘဲ
Self learning လုပ်တတ်အောင်လည်း လေ့လာပါ
.....
၈။ ငြင်းဆိုပါ
....
မလုပ်နိုင်တဲ့ အရာတွေကို စကတည်းက မရနိုင်တဲ့ အကြောင်းပြောပါ
နောက်မှ ပြောပြချင်းဟာ
အတူတကွ လုပ်ဆောင်နေသူတွေကို အနှောင့်အယှက် ဖြစ်စေပါတယ်
—-
ဒါ့အပြင် အလုပ်ရှင်တွေက
ကိုယ်လုပ်နိုင်တဲ့ ability တွေထက်ပိုလိုချင်တဲ့သူတွေချည်းပါပဲ
ဒါကြောင့် ကိုယ်တာဝန်ယူနိုင်တဲ့ capacity ကိုပဲ ယူပါ
ပိုခိုင်းတိုင်းမလုပ်ပေးပါနဲ့
(၁၀ သိန်းယူချင်ပြီး ၅ သိန်းဖိုးလောက်ပဲလည်း မလုပ်ပါနဲ့)
အလုပ်ရှင် တစ်ယောက်ပဲ ဘဝရှိတာမဟုတ်ပါဘူး
ကိုယ့်ဘဝအတွက်ရှင်သန်ရဦးမယ် ဆိုတာကို သတိရပါ
Overtime အမွဲလုပျနစေရာမလိုပါဘူး
လိုသလောက်ပဲလုပ်ပေးပါ
.....
၉။ အလိုက်သိပါ
...
ဒါကတော့ အလုပ်ထဲမှာတွေ့ရတဲ့သူအတော်များများရဲ့ ပြသနာပါ
အလိုက်သိပါဆိုတာ လူကြီးကို ဖားလျား အလိုက်သိတာကို ဆိုလိုတာမဟုတ်ပါဘူး
ကိုယ်ရောက်နေတဲ့ position အရ ဘာလုပ်ဖို့ လိုအပ်လဲဆိုတာကို
အလိုလိုသိဖို့ လိုအပ်ပါတယ်
အလုပ်ရှင်တော်တော်များများက ပါးစပ်နဲ့ ခိုင်းမနေပါဘူး
ဒါပေမယ့် ကိုယ့် Position အရ ဒါလုပ်ရမယ်ဆိုတာကို
ကိုယ့်ဘာသာသိပြီး လုပ်တတ်ဖို့ လိုပါတယ်
ကိုယ့်ကို အလုပ်ထဲမှာ သဘောကျကြတဲ့အချက်က
အလုပ်တစ်ခုပေးလိုက်ရင်
ဘာမှ ပြောစရာမလိုအောင် အလိုက်တသိ cover ဖြစ်အောင် လုပ်နိုင်တာလို့ ပြောကြပါတယ်
....
၁၀။ သူများအကြောင်း စိတ်မဝင်စားပါနဲ့
......
ကျောင်းတက်တုန်းကတော့
အလုပ်ထဲမှာ အတင်းမတုတ်ရ
အလုပ်ထဲမှာ ရည်းစားမထားရ လို့ သင်ပေးထားတယ်
အဓိကကတော့ Personal ခံစားချက်တွေကို အလုပ်ထဲကို မသယ်လာစေချင်တာပါ
....
“ဟယ် ဟိုမိန်းမ ဆိုးလာတဲ့ နှုတ်ခမ်းနီအရောင်ကြီးကလဲဟယ် ... သူဝတ်လာတာကြီးကလည်းဟယ်..”
ဆိုတာမျိုး အတင်းတုတ်တာမျိုး က အလုပ်ထဲမှာ ပြသနာဖြစ်ရုံကလွဲပြီး ဘာမှ မထူးခြားနိုင်ပါဘူး
.....
သူဆိုးလာတဲ့ နှုတ်ခမ်းနီ ဝတ်လာတဲ့ အဝတ်အစားက ကိုယ့်အလုပ်ကို လာမပတ်သတ်ပါဘူး
သူ့ဘာသာ ဘယ်သူ့ကို မြူဆွယ်ဆွယ်ပါ
ဒါက သူ့ကိစ္စဖြစ်လို့ ကိုယ်နဲ့ မဆိုင်ပါဘူး
မကျေနပ်ရင် ကိုယ်ပါ အဲ့အတိုင်းလိုက်နေလိုက်ပါ
.....
ဘယ်သူမှ ကိုယ့်အကြောင်းတစ်နေကုန် မစဉ်းစားနေနိုင်ပါဘူး
ဒါကြောင့် ကိုယ်ကလည်း သူများအကြောင်းလိုက်စဉ်းစားနေတာ
အတော်ရူးတဲ့ကိစ္စပဲ
......
ကိုယ်ကတော့ အများအားဖြင့်
Life balance ဖြစ်အောင်နေတော့တယ်
ရုံးရောက်ရင် ရုံးအလုပ်လုပ်တယ်
ရုံးချိန်ပြန်ရင် အဲ့အလုပ်နဲ့ ပတ်သတ်ပြီး
ကြက်ပျောက်ငှက်ပျောက်ပဲ
ရုံးကလူတွေ အကြောင်းလည်း တွေးမနေဘူး
ဒါကြောင့် တခြားကိစ္စတွေမှာ ပိုအာရုံစိုက်နိုင်တယ်
ပျော်တယ်
.....
အလုပ်နဲ့ ပတ်သတ်ပြီး
စိတ်ဆင်းရဲရလားဆိုတော့
သိပ်တော့မရှိပါဘူး
ကိုယ်လုပ်နိုင်တဲ့ တာဝန်ပဲကိုယ်ယူတယ်
သူများပြန်လှည့်ကြည့်စရာမလိုအောင်ကို တာဝန်ယူတယ်
ကိုယ်ရေးကိုယ်တာတွေ မစွတ်ဖက်ဘူး
Personal feeling တွေမထားဘူး
Overload မလုပ်ဘူး
လူကြီးတွေကို မကြောက်ဘူး
ကိုယ့် ability တက်အောင်နေတော့ confidence ပိုရှိတယ်
ဒါပါပဲ....
....
တကယ်လို့ ကိုယ်ရောက်နေတဲ့ အလုပ်က
အဆိပ်ရှိတဲ့ လုပ်ငန်းခွင်လို့ စဉ်းစားမိရင်
ထွက်သွားလိုက်ပါ
အလုပ်ကို ကိုယ်ရွေးချယ်နိုင်ပါသေးတယ်
.....
မြန်မာပြည်ကလူတွေက အလုပ်ထုတ်ခံရမှာ ကြောက်ကြပါတယ်
ဒါပေမယ့် ကိုယ်အလုပ်ထွက်သွားမှာကို ပြန်ကြောက်ရလောက်အောင်
အရည်အချင်းပြည့်ဝဖို့ လိုအပ်ပါတယ်
....
တချို့ကလည်း
ကိုယ်လူကြီးကို ပြန်ပြောနေတာတွေက
အံ့ဩစရာဖြစ်နေသလိုပါပဲ
တကယ်တော့ မပြောကြည့်ဖူးလို့သာ အံ့ဩနေကြတာပါ
ပြောကြည့်ပါ
လူကြီးတွေက သူတို့ ပြောတာချည်း နားထောင်မယ့်သူထက်
တခြား opinion ပေးနိုင်တာမျိုးကို Appreciate ဖြစ်ပါတယ်
လူကြီး တစ်ယောက်ပြောဖူးတယ်
“အလုပ်ရှင်က အလုပ်သမားကို ကြောက်တာပဲငါ ကြုံဖူးတယ်
နင့်အလှည့်မှ အလုပ်ထုတ်ခံရမှာလည်း မကြောက်တော့
အလုပ်ထွက်သွားမှာစိုးလို့ ငါက ပြန်ကြောက်နေရတယ်တဲ့”
....
ပြီးတော့ တချို့ဆက်ဆံပုံမှာ
ကိုယ်က အလုပ်လုပ်နေသူလို့သာ ကိုယ့်ကိုကိုယ်သဘောထားပါ
သူဌေးကျွန်မဟုတ်ပါဘူး
ကိုယ့် ကိုယ်ပိုင်အချိန်တိုင်းအတွက်
ကိုယ့်အခွင့်အရေး ကိုယ်ခံစားခွင့်ရှိပါတယ်ဆိုတာ
အလုပ်ရှင်ကို အသိပေးဖို့လိုပါတယ်
..
...
Family type ဆိုပြီး
တကယ်တမ်းကျ အကျိုးအမြတ်ရရင်
သူတို့ မိသားစုနဲ့ပဲ ခံစားတာပါနော်
အဲ့ကျ ထမင်းစားဖို့တောင် လှမ်းခေါ်ဖို့
သတိမရတတ်ပါဘူး
...
(အလုပ်သည် ဘဝ တစ်ခု ဖြစ်ပေမယ့်
ဘဝ တစ်ခုလုံး ရင်းနှီးမြှုပ်နှံထားရတာ မတန်ပါဘူး
အလုပ်ကို အလုပ်လို့ပဲ သဘောထားပါ)

No comments:

Post a Comment